ရုရှားရေတပ်က မြေထဲပင်လယ်အတွင်း စစ်ရေးလေ့ကျင့်
ဆီးရီးယားနိုင်ငံ အိုင်းဒလစ်ပြည်နယ်ရှိ စစ်သွေးကြွများကို သတိပေးသည့် အနေဖြင့် ရုရှားရေတပ်က မြေထဲပင်လယ်အတွင်း စစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ၁ ရက်မှ ၈ ရက်အထိ လုပ်ဆောင်သွားမည် ဖြစ်ပြီး စစ်ရေယာဉ် စုစုပေါင်း ၂၅ စင်းခန့် ပါဝင်သည်။ ထို့ပြင် တိုက်လေယာဉ်နှင့် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များ အပါအဝင် စစ်လေယာဉ်အစင်း ၃၀ ခန့် ပါဝင်မည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက အစောပိုင်းတွင် ထုတ်ပြန်ထားသည်။
စစ်လေယာဉ်များတွင် Tu-160 ဗုံးကြဲလေယာဉ်များ၊ Tu-142MK နှင့် Il-38 ရေငုပ်သင်္ဘောဖျက် လေယာဉ်များနှင့် Su-30SM လေယာဉ်များပါဝင်သည်။ အိုင်းဒလစ် ပြည်နယ်ရှိ စစ်သွေးကြွများကို ချေမှုန်းရာတွင် ရှိသင့်သည့်တိုးတက်မှု မရှိသောကြောင့် ရုရှားအနေဖြင့် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်ရန် လိုသည်ဟု အမည်မဖော်လိုသည့် ရုရှားအရင်းအမြစ် တစ်ခုကပြောသည်။
အိုင်းဒလစ် ပြည်နယ်သည် စစ်သွေးကြွများ၏ နောက်ဆုံးအခိုင်အမာ ခြေကုပ်တစ်ခုဖြစ်ပြီး ဆီးရီးယား အစိုးရ တပ်များက ယင်းပြည်နယ်ကို နောက်ဆုံးထိုးစစ်ဆင်နွှဲရန် စီစဉ်နေသည်။ ဆီးရီးယား အစိုးရ အနေဖြင့် စစ်သွေးကြွများကို အပြီးတိုင် ချေမှုန်းသွားမည်ဟု ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး ဝါလစ်အယ်မူအာလမ်က ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့နှင့် တွေ့ဆုံပြီးနောက်ပြောသည်။
ယခုစစ်ရေးလေ့ကျင့်မှုသည် ကြိုတင်ပြင်ဆင်ထားသည့် စစ်ရေးလေ့ကျင့်မှုသာ ဖြစ်သည်ဟု ရုရှားဒုတိယနိုင်ငံခြားရေး ဝန်ကြီး မီခေးဘော့ဒါနော့က ပြောသည်။ သို့သော် ထိုစစ်ရေးလေ့ကျင့်မှုသည် ဆီးရီးယားကို တိုက်ခိုက်နေသည့် အနောက်နိုင်ငံများ အတွက် သတိပေးချက်အဖြစ် ထွက်ပေါ်လာဖွယ်ရှိသည်။ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့သည် ယခုနှစ်ဧပြီလအတွင်း ဆီးရီးယားနိုင်ငံ အတွင်းသို့ ဒုံးကျည် အစင်းပေါင်း ၁၀ဝ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
၎င်းတို့၏ အကြောင်းပြချက်မှာ ဆီးရီးယားရှိ ဓာတုလက်နက် သိုလှောင်ရုံများကို အဓိက ပစ်မှတ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။ ဆီးရီးယား၌ ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုသည် ဆီးရီးယား အစိုးရ၏ လက်ချက်ဖြစ်သည်ဟု ၎င်းတို့က အပြစ်တင် ဝေဖန်ခဲ့သည်။ သို့သော် ဆီးရီးယား အစိုးရက ငြင်းဆိုထားသည်။ ယင်းကဲ့သို့သော ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို အကြောင်းပြ၍ အနောက်နိုင်ငံများက ဆီးရီးယားကို လေကြောင်းမှ တိုက်ခိုက်နေသည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ထောက်ပြထားသည်။
ရုရှားစစ်ဘက်သည် ဆီးရီးယားအစိုးရ၏ တရားဝင် အကူအညီ တောင်းခံမှုကြောင့် ဆီးရီးယား အရေးတွင် ပါဝင်နေခြင်းဖြစ်သည်။ ထို့ကြောင့် ယခုစစ်ရေး လေ့ကျင့်မှုသည် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ရန် စီစဉ်နေသည့် အိုင်းဒလစ် ပြည်နယ်ရှိ တာဟီရာအယ်ရှမ်း စစ်သွေးကြွများအတွက် သတိပေးချက်တစ်ရပ် ဖြစ်လာနိုင်သည်။
Ref: Daily Express, Press TV