. "လက်တစ်ဖက်ကို မြဲနေအောင် ကိုင်ထား" မင်းနေ နေတဲ့ကမ္ဘာကြီးက လည်တယ် မထင်ရတဲ့ကောင်တွေက လည်တယ် ဟိုသွားဒီလာသမားတွေ လည်တယ် ကံအကြောင်းတရားတွေ လည်တယ် လက်တစ်ဖက်ကို မြဲနေအောင် ကိုင်ထား... ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက် တိုးရင်းနဲ့ ကလိုက် ကရင်းနဲ့ တိုးလိုက် လက်တစ်ဖက်တော့ မြဲနေအောင်ကိုင်ထား... ဂါတွေက ဘလပ်ထက် ပိုနူးနေတယ် အရပ်သားတွေက ဇာတ်သမားတွေထက် ပိုလည်နေတယ် လက်တစ်ဖက်ကို အပြင်မထုတ်နဲ့ တစ်ခုခုကို မြဲနေအောင် ကိုင်ထား... လက်တစ်ဖက်ကို တန်ဖိုးရှိရှိ အသုံးချ ကောင်းကင်ပြာကြီးကို မြဲနေအောင် ကိုင်ထား... လက်တစ်ဖက်ကို စိန်လက်စွပ်အပြည့်ဝတ် အသက်ကယ်ဘောကွင်းကို မြဲနေအောင် ကိုင်ထား... လက်တစ်ဖက်ကို သူ့ပခုံး ဖက်လိုက် ဝှက်ယူလာတဲ့ဓါးကို မြဲနေအောင် ကိုင်ထား... လက်တစ်ဖက်ကို ဖက်ရွက်လိုသဘောထား ကိုယ့်အသက်ကို မြဲနေအောင် ကိုင်ထား... လက်တစ်ဖက်ကို အလိုမလိုက်နဲ့ "နားညည်းလိုက်တာ" ကို မြဲနေအောင် ကိုင်ထား... လက်တစ်ဖက်ကို ခပ်သွက်သွက်လှုပ်ရှား အရောင်းအဝယ်စာချုပ်ကို မြဲနေအောင် ကိုင်ထား... လက်တစ်ဖက်ကို လက်တစ်ဖက် အလျော်ပြန်ပေး ချစ်စွာသော ဇနီးလေးကို မြဲနေအောင် ကိုင်ထား... လက်တစ်ဖက်ကို သူမြင်အောင် မြှောက်ပြလိုက် ရေဗူးနဲ့ဖိနပ်ကို မြဲနေအောင်ကိုင်ထား... လက်တစ်ဖက်ကို တစ်ဖက်လိုပဲ ဆက်ဆံ "ကိုယ့်လမ်းကိုယ်သွား" ကို မြဲနေအောင် ကိုင်ထား...။ ။ #မောင်ပြည့်မင်း ၂၀၀၅ နိုဝင်ဘာ ဖက်ရှင်မဂ္ဂဇင်း